လူအများစုက နှစ်သစ် ရည်မှန်းချက် တခုတော့ ထားလေ့ရှိကြတယ်။ ဘာသာစကား အသစ်တခုသင်မယ်၊ ချစ်တဲ့သူတွေကို အချိန်ပိုပေးမယ်၊ ရှိရင်းစွဲ ဝိတ်ထက်ကျရမယ် ဆိုတာမျိုး အများကြီးပဲ ကြားဖူးကြမှာပါ။ အဲ့ဒီ New Year Resolution အမျိုးမျိုးထဲကမှ ကိုယ်အလေးချိန်လျှော့ချလိုသူ တွေရဲ့ ရည်မှန်းချက် ကအမြင့်ဆုံးပဲဖြစ်ပါတယ်။ ဇန်နဝါရီလရောက်ပြီဆိုတာနဲ့ Gym တွေမှာ လူစည်ပြီ…New Year Resolution နဲ့ပတ်သက်ပြီး New York Times ရဲ့ အရောင်းရဆုံး စာအုပ်စာရင်းဝင် စာရေးဆရာမ Susan Peirce Thompson က “နှစ်သစ်မှာ ဝိတ်ကျရမယ်ဆိုပြီး ဝိတ်လျှော့ နေတဲ့သူတွေ ဘယ်တော့မှဝိတ်ကျမှာမဟုတ်ဘူး” လို့ပြောဖူးပါတယ်။BBC ကဆောင်းပါး BBCတစ်ခုမှာ ဆိုရင်လည်း အစားအသောက်လျှော့ရုံနဲ့ ဘယ်တော့မှ ဝိတ်ကျမှာ မဟုတ်ဘူးလို့ ရေးထားပြန် ပါတယ်။ အကြပ်တည်းဆုံးအချိန်တွေမှာတောင် အနည်းဆုံး မျှော်လင့်ချက်ထားခွင့်ရှိကြတယ်မဟုတ်လား…
အစဉ်အလာကို ဘယ်လိုပြောင်းပြန်လှန်ကြမလဲ။
ဦးစွာပထမ အကျင့် သေးသေးလေးတွေကို စတင်ပြီးပြင်ကြည့်ဖို့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်အလေးချိန်ကျဖို့ အဓိကလိုအပ်ချက်တစ်ခု။ ဒါပေမယ့် လူဆိုတာ ပျင်းခွင့်ရှိသလောက် ပျင်းလို့ရတဲ့လူမျိုး ဆိုတော့ အမြဲတမ်း Gym မသွားဖြစ်မယ့်အတူတူ အိမ်မှာပဲပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေလုပ်ပေးခြင်းက ပိုပြီးထိရောက်စေနိုင်ပါတယ်။ အိမ်မှာနေရင်း အေးအေးဆေးဆေး လေ့ကျင့်ခန်းလုပ်နိုင်တဲ့ အတွက်ကြောင့် ဆောင်းတွင်း အေးလို့ အိပ်ရာထဲကမထနိုင်ဘဲ Gym မသွားလိုက်ရတာမျိုးတွေ ရှိလာတော့မှာ မဟုတ်ပါဘူး။
- စာအုပ် (Journal) တအုပ် အမြဲဆောင်ထားပါ။
နေ့စဉ် လုပ်ဆောင်ချက်တွေ၊ စားသောက်မှု ပုံစံ တွေကို မှတ်သားထားဖို့လိုပါတယ်။ အထူးသဖြင့် တစ်နေ့တာလုံး ဘာတွေစားသောက်ခဲ့သလဲ ဆိုတာကို အသေးစိတ်ထည့်ရေးဖို့လိုပါတယ်။ ဥပမာ သင်က “အာလူးချောင်းကြော် ပွဲကြီးတစ်ပွဲ” လို့ ရေးမှတ်ထားတာကို ပြန်ဖတ်မိရင် နောက်တခါ ဒီလိုမျိုး ကျန်းမာရေးနဲ့ မလျော်ညီတဲ့ အစားအသောက်မျိုးကို ရွေးချယ်ဖို့ တွန့်ဆုတ်သွားမှာဖြစ်ပါတယ်။
- ကိုယ်အလေးချိန်တိုင်းပါ။
ဝနေတဲ့အချိန်မှာ ကိုယ့်ဝိတ်ကိုယ် ချိန်ရတာလောက် ဝမ်းနည်းစိတ်ဓာတ်ကျစရာမရှိဘူး။ ဒါပေမဲ့ နေ့စဉ်ကြိုးစားပြီး Weight ချိန်ပါ လို့တိုက်တွန်းပါရစေ။ Drexel နှင့် Pennsylvania တက္ကသိုလ်က လေ့လာသူများ လုပ်တဲ့ စစ်တမ်းအရ နေ့စဉ်ဝိတ်ချိန်တဲ့သူတွေက ၂ နှစ်အတွင်းမှာ BMI နဲ့ ခန္ဓာကိုယ်တွင်း အဆီကျမှု ရှိတယ်လို့ တွေ့ရှိရပါတယ်။ နေ့စဉ် ဝိတ်ချိန်ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှု ပိုပြီး မြင့်မားလာပါတယ်။
- Fitness Bracelet တခု ဆောင်ထားပါ။
လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ မိမိနှလုံးခုန်နှုန်း ဘယ်လောက်ရှိနေလဲဆိုတာကို ဒီလက်ပတ်ကနေတဆင့် သိနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းလက်ပတ်လေးက လှုပ်ရှားမှုတိုင်းကို မှတ်သားထားပေးနိုင်တဲ့အတွက် ကိုယ်ဘယ်လောက်လုပ်နိုင်ခဲ့လဲဆိုတာသိနိုင်ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်။ ရေသောက်ဖို့ reminder လည်းပါတဲ့အတွက်ကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်မှုမှ ကာကွယ်ပေးနိုင်ပြီး ကျန်းမာရေးအတွက် အလွန်အကျိုးရှိပါစေတယ်။
- ဝိတ်တုံးမကြမယ်။
ဝိတ်တုံးမတာက အိမ်မှာရှိနေတဲ့ပစ္စည်းတွေကို ကျိုးပဲ့ပျက်စီးမှုမဖြစ်စေတဲ့အပြင် ကြွက်သားတွေကို တောင့်တင်းလှပလာစေပါတယ်။
- ကြိုးခုန်မယ်။
ကြိုးခုန်ပြီး ဝိတ်ချတာ အလွယ်ဆုံးလို့ထင်ပါတယ်။ ရိုးရိုးလေးပဲ ကြိုးလေးကိုင်ပြီး ဟိုခုန်ဒီခုန်လုပ်ရုံနဲ့ အကြောတွေပြေစေတဲ့အပြင် အပိုဆုအနေနဲ့ ကိုယ်အလေးချိန်ပါ ကျဆင်းလာမှာပါ။ လေ့ကျင့်ခန်း တွေထဲကမှ ကြိုးခုန်ရတာက ပျော်စရာ အကောင်းဆုံးဖြစ်တဲ့အတွက် လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ ပျင်းနေမှာမဟုတ်တော့ပါဘူး..
- Abs roller
6-pack ကိုမလိုချင်တဲ့သူ မရှိပါဘူး။ အလွန်ကောင်းမွန်ပြီး အရသာခြောက်ပါးနဲ့ ပြည့်စုံတဲ့ အစားအစာတွေကြောင့်သာ တချို့သူတွေဟာ 6-pack နဲ့ ဘာသိဘာသာစိမ်းသလိုဖြစ်နေတာပါ။ ဒါပေမယ့် abs roller နဲ့သာ အိမ်မှာပုံမှန်ကစားပေးရင် လူတိုင်းငေးရတဲ့ ခန္ဓာကိုယ်အချိုးအစားကို ရနိုင်မှာဖြစ်ပါတယ်။ ကစားနေစဉ်အတွင်းမှာ နာကျင်မှုဒဏ်ကို အနည်းငယ်ခံစားရမှာဖြစ်ပေမယ့် ဝမ်းဗိုက်တွင်းက အဆီတွေကို သိသိသာသာလျှော့ချပေးနိုင်တဲ့အတွက် ကစားပြီးရင် ပေးဆပ်ရတာနဲ့တန်တဲ့ 6 packs ရရှိလာမှာဖြစ်ပါတယ်။
- ဘောလုံးကြီး
နေ့တိုင်းထိုင်ထလုပ်ရတာနဲ့ အိပ်ထမတင်လုပ်ရတာတွေက သင့်အတွက် ခက်ခဲနေပါသလား။ ဒီဘောလုံးကြီး ကိုင်ပြီး ယင်းနှစ်ခုကို လုပ်ကြည့်ဖို့တိုက်တွန်းပါရစေ။ အနည်းငယ်ခက်ခဲပင်ပန်းမှာဖြစ်ပေမယ့် ခန္ဓာကိုယ်လှပကြံ့ခိုင်ဖို့အတွက်တော့ လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ နောက်ကျော၊ ခါး၊ ဝမ်းဗိုက် ကြွက်သားတွေကို ကျစ်လစ် သန်မာအောင် လုပ်တဲ့အခါမျိုးမှာဆိုရင် Gym ဘောလုံး က အလွန်အသုံးဝင်ပါတယ်။
အပေါ်မှာပြောပြခဲ့တဲ့ပစ္စည်းလေးတွေက ဈေးနှုန်းအားဖြင့် တစ်သိန်းမကျော်တဲ့အပြင် တကယ်ကိုအသုံးဝင်တဲ့အတွက် ခန္ဓာကိုယ်ကျန်းမာလှပဖို့ ရှိထားသင့်တဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်။ ပစ္စည်းတွေအားလုံးပေါင်းပြီးဝယ်တဲ့ စရိတ်က လစဉ်နာမည်ကြီး Gym တွေမှာ ၁လ၊၂လ သွားဆော့တဲ့နှုန်းထားလောက်သာရှိမှာပါ။ ပိုကောင်းတဲ့အချက်က ဒီပစ္စည်းတွေကို အိမ်မှာအမြဲ ထားနိုင်တဲ့ အတွက် ထပ်မံကုန်ကျစရိတ်များ ရှိတော့မည်မဟုတ်ပါ။
အဆီပိုတွေကျပြီး ကျစ်လျစ်လှပတဲ့ခန္ဓာကိုယ်ဖြစ်ဖို့ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို စားသုံးပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါတယ်။ နှစ်ခုလုံးက လုပ်ဆောင်ရခက်ခဲတဲ့အတွက်ကြောင့် တခါတလေမှာ ရှိသမျှလေ့ကျင့်ခန်းတွေကိုပစ်ပြီး Coca-cola အေးအေးလေးသောက်ချင်စိတ်ဖြစ်လာနိုင်ပါတယ်။ လျှောက်ရမယ့်ခရီးက ကြမ်းတမ်းပေမယ့် မျှော်လင့်ချက်နဲ့ ကျော်ဖြတ်ခြင်းဖြင့် လာမည့်၂၀၁၈ နှစ်သစ်က သင့်အတွက် ဖြစ်လာပါလိမ့်မယ်။