မရှိမဖြစ်ဆောင်ထားသင့်သည့် ဖက်ရှင်ပစ္စည်း (၅)မျိုး 0 332

ပြီးပြည့်စုံတဲ့ ဖက်ရှင်အတွက် အဝတ်အစားတင်မကဘဲ ခေတ်မီလှပတဲ့ Accessories လေးတွေကလဲ မပါမဖြစ်ပါ။ Accessories တွေက ဖက်ရှင်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပေမယ့် တစ်ကိုယ်လုံးမှာ အများကြီးဝတ်ဆင်လိုက်တယ်ဆိုရင်တော့ မျက်စိထဲမှာ စတိုင်လ်ကျမနေဘဲ ကြည့်ရဆိုးစေပါတယ်။ ကမ္ဘာကျော်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Coco Chanel က “အိမ်အပြင်မထွက်ခင်မှာ မှန်သေချာကြည့်ပြီး Accessory တစ်ခုခုဖြုတ်ခဲ့ပါ” တဲ့…ဒါကြောင့် Accessory ဆိုတာ မပါမဖြစ်ဖက်ရှင်ပစ္စည်းဆိုပေမယ့် အလွန်အကျွံဝတ်ဆင်အသုံးမပြုဖို့တော့ လိုအပ်ပါတယ်။ မိန်းကလေးတိုင်းအတွက် မရှိမဖြစ်ဆောင်ထားရမယ့် Accessory တွေက ဘာတွေဖြစ်မလဲ?

နားကပ် – ချစ်စရာကောင်းတဲ့ ဖက်ရှင်ပစ္စည်းသေးသေးလေးတွေပါ။ မိန်းကလေးဆန်ပြီး ကျက်သရေရှိတဲ့ အလှတရားအတွက် သူတို့က မပါမဖြစ်ပေါ့။ နောက်ပိုင်းမှာ အသစ်အဆန်းလေးတွေထွင်လာနိုင်တာကြောင့် နားကပ်လေးတွေကို အမျိုးအစားအမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာတွေ့ရမှာဖြစ်ပါတယ်။ ပုံမှန်တွေ့နေကြ နားကပ်၊ နားဆွဲ၊ နားကွင်းတွေအပြင် ပန်းဆိုင်းပုံ Chandelier နားကပ်တွေကလဲ အခုနောက်ပိုင်းအရမ်းခေတ်စားလာပြီး ပွဲတက်ဖက်ရှင်အဖြစ်ပါ ဝတ်ဆင်လာကြပါတယ်။ နားပေါက်မရှိသူတွေအတွက်ကတော့ ပုံမှာပြထားတဲ့ပုံစံ Ear cuff, ear wrap လေးတွေက အရမ်းလှပြီး ဝတ်ရတာ အဆင်ပြေစေပါတယ်။

ဆွဲကြိုး – ပွဲတက်ရင်ပြတ်အင်္ကျီတွေဝတ်တဲ့အခါ off shoulder အင်္ကျီတွေဝတ်တဲ့အခါ လည်ပင်းမှာ ဘာအဆင်တန်ဆာမှ မရှိတာကတော့ ကြည့်ရဆိုးစေပါတယ်။ ရိုးရှင်းလွန်းတဲ့ဒီဇိုင်းကို ချန်ထားခဲ့ပြီး အဝတ်အစားနဲ့ လိုက်ဖက်တဲ့ Choker, လည်ဆွဲ စတာလေးတွေ ဝတ်ဆင်ခြင်းက အမြင်တစ်မျိုးဆန်းစေပါတယ်။

လက်ကောက် – လက်ကောက်အမျိုးအစားတွေက ဝယ်လို့မကုန်နိုင်လောက်အောင် များလွန်းပါတယ်။ Leather လက်ပတ်၊ ဖန်စီလက်ကောက်၊ တွဲလွဲအလှလေးတွေပါတဲ့ လက်ကောက် ၊ ကျောက်စီလက်ကောက်၊ ပုတီးစေ့လက်ကောက် စတာတွေက သင့်လက်ကောက်ဝတ်မှာ ခန့်ထည်နေမယ့် ပစ္စည်းလေးတွေဖြစ်ပါတယ်။ ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးဖြစ်အောင် လိုသလို တွဲဖက်ဝတ်ဆင်နိုင်တာကြောင့် စုံစုံလင်လင် စုဆောင်းထားသင့်ပါတယ်။

ခေါင်းစည်း၊ ခေါင်းပတ် – ခုနောက်ပိုင်းအရမ်းဟော့ဖြစ်လာတဲ့ Boho ဖက်ရှင်ကို လူတိုင်းသိကြမှာပါ။ Bohemian စတိုင်လ်က ပေါ့ပါးလွတ်လပ်ပြီး ရာသီမရွေးဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ စကပ်ရှည်၊ ဂါဝန်ရှည်တွေနဲ့ ချည်သားအင်္ကျီပွပွလေးတွေကို သဘာဝဆန်ဆန်တွဲဖက်ဝတ်ဆင်ပြီး ပန်းပွင့်ခေါင်းစည်းလေးတွေကို သူနဲ့ လိုက်ဖက်အောင် တပ်ပေးလိုက်ရင်တော့ သဘာဝဆန်တဲ့လွတ်လပ်မှုကို သင်အပြည့်အဝခံစားနိုင်ပါပြီ။

လည်စည်းပုဝါ – ပုဝါတွေက အထူးသဖြင့် ခရီးသွားရင် မပါမဖြစ်လိုအပ်တဲ့ ပစ္စည်းလေးတွေပါ။ အရွယ်စုံ အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်ပစ္စည်းဆိုလဲ မမှားပါဘူးနော်။ ကိုယ်ဝတ်တဲ့ အဝတ်အစားပေါ်လိုက်ပြီး သူနဲ့လိုက်ဖက်မယ့်ပုဝါကို တွဲဖက်ဝတ်ဆင်ဖို့ လိုတာကြောင့် အရောင်စုံ၊ အဆင်စုံပုဝါတွေကို စုဆောင်းထားဖို့ လိုအပ်ပါတယ်။

အခုဆိုရင် Accessory တွေ အများကြီးရှိတဲ့ အထဲကမှ ကိုယ့်အတွက် အလိုအပ်ဆုံး ပစ္စည်းလေးတွေက ဘာတွေဖြစ်မလဲ…လက်တလောခေတ်စားနေတဲ့ fashion trend ထဲက ပစ္စည်းတွေက ဘာဖြစ်မလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ ဒါကြောင့် အပြင်သွားတဲ့အခါ အများကြားထဲထင်ပေါ်နေအောင် ဖက်ရှင် Accessory လေးတွေကို လိုသလို တွဲဖက်ဝတ်ဆင်သွားဖို့ မမေ့နဲ့နော်…

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *