နွေရာသီနဲ့ကိုက်ညီပြီး ခုလတ်တလော လူငယ်တွေကြားမှာ အရမ်းကိုခေတ်စားနေတဲ့ဖက်ရှင်ကတော့ Bralette ဖက်ရှင်ပဲဖြစ်ပါတယ်။ Bralette က ၁၉၂၀ နဲ့ ၃၀ ဝန်းကျင်ပိုင်းမှာ အရမ်းကိုခေတ်စားခဲ့တဲ့ ဘရာပုံစံမျိုးနဲ့ဆင်တူပါတယ်။ ပုံမှန်ဝတ်နေကျမဟုတ်တဲ့အတွက် Bralette ဝတ်ရတာ တစ်မျိုးဖြစ်နေမယ်..အမြင်ရိုင်းမယ်လို့ စိတ်ထဲမှာ ထင်ကောင်းထင်နေမိမှာပါ…ဒါပေမယ့် ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ အခုဆိုရင် Bralette တွေကို တစ်မူဆန်းသစ်ပြီး အမျိုးမျိုးဝတ်လာကြတာကို သင်တွေ့ရမှာပါ။ Bralette က ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးရှိတဲ့ ပျိုမေတို့နဲ့ဆို အရမ်းကို လိုက်ဖက်စေပါတယ်။ အမြင်မရိုင်းစေဘဲ ကြည့်ရတာ ပိုပြီးဆွဲဆောင်မှုရှိစေဖို့အတွက် လျှို့ဝှက်ချက်လေးတွေ ပြောပြပေးမယ်နော်…
အပေါ်ထပ်အင်္ကျီခပ်ပါးပါးလေးတွေနဲ့ တွဲဝတ်ပါ…အထူးသဖြင့် နွေရာသီ ကမ်းခြေသွားတဲ့အခါ အရမ်းသင့်တော်ပြီး လူတိုင်းအမြင်ကို ဖမ်းစားနိုင်မယ့်ဖက်ရှင်မျိုးပါ။
ရှပ်အင်္ကျီပွပွလေးတွေနဲ့တွဲဝတ်ကြမယ်…ဗြောင်ရှပ်အင်္ကျီလေးတွေဖြစ်ဖြစ်…အကွက် ဒါမှမဟုတ် အပွင့်ဒီဇိုင်းလေးတွေနဲ့ဖြစ်ဖြစ် လိုက်ဖက်ညီပါတယ်။ အတွင်းမှာဝတ်ထားတဲ့ Bralette လှလှလေးရဲ့ ဒီဇိုင်းကို ပေါ်လွင်စေဖို့အတွက် ရှပ်အင်္ကျီကို အပေါ်ကြယ်သီး ၂လုံး ၃လုံးလောက်ဖြုတ်ဝတ်လိုက်ပါ…ဒါဆိုရင်တော့ အရမ်းကို ဆွဲဆောင်မှုရှိပြီး စတိုင်လ်ကျသွားမှာပါနော်…
နောက်ကျောအပေါက်ဒီဇိုင်းဖြစ်တဲ့ Open-back အင်္ကျီလေးတွေနဲ့တွဲဝတ်ရင်တော့ အမြင်လဲမရိုင်းဘဲ သင့်နောက်ကျောလှလှလေးကိုလဲ ပိုမိုပေါ်လွင်စေမှာပါ…
Crop top အနေနဲ့လဲ ဝတ်နိုင်ပါတယ်။ တချို့ Bralette တွေက အရမ်းအမြင်မရိုင်းစေတဲ့အတွက် ဘောင်းဘီတို ဒါမှမဟုတ် ခါးမြင့်ဂျင်းဘောင်းဘီတွေနဲ့တွဲပြီး ဒီတိုင်းဝတ်လို့ရနိုင်ပါတယ်…Music festival လိုနေရာမျိုး ပါတီလိုနေရာမျိုးတွေမှာ ခပ်ဟော့ဟော့ဝတ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါ..ဒါပေမယ့် ကိုယ်နဲ့ fitting ဖြစ်နေမယ့် Bralette ကို သေချာရွေးတတ်ဖို့တော့ လိုမယ်နော်…
Bralette တွေ ခေတ်စားလာတာနဲ့အတူ ဇာအင်္ကျီအပါးလေးတွေလဲ အရမ်းခေတ်စားလာပါတယ်။ Bralette ကို အတွင်းကခံဝတ်ပြီး အပေါ်က ဇာအပါးလေးထပ်ဝတ်လိုက်ရင်တော့ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့အသွင် ရစေပါတယ်။
လည်ပင်းနက်တဲ့တီရှပ်..ဒါမှမဟုတ် လည်ပင်းအဟိုက်အင်္ကျီတွေက Bralette နဲ့ တွဲဝတ်ဖို့အသင့်တော်ဆုံးပါ။ ဘရာကို အပြည့်ပေါ်နေစေမယ့် ဒီဇိုင်းမဟုတ်ဘဲ ဇာ ဒါမှမဟုတ် ပိုးသား Bralette ရဲ့ အပေါ်ဒီဇိုင်းက တီရှပ်ရဲ့အောက်မှာ ထိုးထွက်နေစေမယ့်ပုံစံဖြစ်ပြီး အမြင်တစ်မျိုးဆန်းစေပါတယ်။
တီရှပ်ခါးတို crop top လေးတွေကို အောက်ကခံပြီး အပေါ်ကနေ Bralette ထပ်ဝတ်လိုက်တဲ့ဒီဇိုင်းက သင့်ရဲ့အတွင်းသားတွေကို မပေါ်စေဘဲ စတိုင်လ်ကျကျ ဝတ်လို့ရစေမယ့်နည်းလမ်းလေးပါ။ ဘောင်းဘီတို ဒါမှမဟုတ် ဂျင်းဘောင်းဘီအရှည်တစ်ထည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါမှတော့ ချစ်စရာကောင်းပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ဖက်ရှင်ကို ရစေမှာပါ။
အခုဆိုရင်တော့ Bralette ဝတ်နည်းလေးတွေ တော်တော်များများစုံသွားပြီထင်ပါတယ်။ Bralette နဲ့ပတ်သက်ပြီး အိုင်ဒီယာအသစ်အဆန်းလေးတွေရရင်လဲ ဝေမျှခဲ့ပါဦးနော်…