ပူပြင်းလွန်းတဲ့ရာသီဥတုနဲ့ ကိုက်ညီမယ့် အလန်းဆုံးဖက်ရှင် 0 358

ပူပြင်းတဲ့ရာသီဥတုကို စိတ်ကုန်နေပြီလား? နွေခေါင်ခေါင်ရက်တွေမှာ အပူဒဏ်ကိုအံတုရင်း စတိုင်လ်ကျလှပနေဖို့ ဘယ်လိုဒီဇိုင်းတွေကို ရွေးချယ်ဝတ်ဆင်ကြမလဲ? ခန္ဓာကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်ဖြစ်နေတဲ့ ကိုယ်ကြပ်အင်္ကျီတွေက သာမန်အချိန်တွေအတွက် အဆင်ပြေပေမယ့် ပူပြင်းတဲ့ကာလမျိုးတွေမှာဆိုရင်တော့ ရှောင်ရှားသင့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာဝတ်ဆင်နိုင်တဲ့ ခပ်ပွပွဖက်ရှင်တွေကတော့ နွေရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

ဘယ်လိုပိတ်သားမျိုးတွေကို အဓိကထားဝတ်ကြမလဲ?

ပူပြင်းတဲ့နွေရာသီနဲ့ အသင့်တော်ဆုံးကတော့ ချည်သား၊ Chambray ခေါ် ဂျင်းသားအရောင် ခပ်ပါးပါးချည်တစ်မျိုး၊ ပိုးတု၊ လီနင်နဲ့ ဂျင်းအပါးသားတွေပါ။ ဒါတွေက အသားပါးပြီး လေဝင်လေထွက်ရှိနိုင်တဲ့ ပိတ်သားတွေဖြစ်တာကြောင့် ဝတ်ရတာ ပေါ့ပေါ့ပါးပါးရှိစေပါတယ်။ ခုနောက်ပိုင်းမှာ ပိုမိုခေတ်စားလာတဲ့ နောက်ထပ်ပိတ်သားတစ်မျိုးကတော့ Suede လို့ခေါ်တဲ့ နူးညံ့တဲ့သားရေသားပုံစံ ပိတ်တစ်မျိုးပါ။ အမြင်ဆန်းတဲ့ အသားတစ်မျိုးဖြစ်လို့ စကပ်၊ ဘောင်းဘီ၊ အိတ်နဲ့ ဖိနပ် အမျိုးမျိုးချုပ်တဲ့အခါ သုံးလေ့ရှိကြပြီး နွေရာသီတင်မကဘဲ တစ်နှစ်ပတ်လုံး ဝတ်လို့ကောင်းတဲ့ အသားမျိုးဖြစ်ပါတယ်။

လတ်တလောခေတ်စားနေတဲ့ ဖက်ရှင်

နွေရာသီဟာ တကယ်တော့ သင့်ရဲ့ဖက်ရှင်အမြင်တွေ ထုတ်ဖော်ပြနိုင်တဲ့ အကောင်းဆုံး အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ပူပြင်းတဲ့နေရောင်ခြည်ဒဏ်အောက်မှာ စိတ်ရှုပ်စရာ အဝတ်အစားတွေနဲ့ Accessories တွေအများကြီးဝတ်မယ့်အစား ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါးရှိမယ့် အဝတ်အစားတွေနဲ့ သူနဲ့လိုက်ဖက်ညီမယ့် Accessories နည်းနည်းကိုပဲသုံးပြီး စတိုင်လ်ကျကျ ဝတ်ဆင်ကြည့်လိုက်ပါ။ ၁၉၇၀ ဝန်းကျင်မှာ တဟုန်ထိုးခေတ်စားခဲ့တဲ့ Boho ဖက်ရှင်က Spring-summer နဲ့ အကိုက်ညီဆုံး ဖက်ရှင်တစ်မျိုးပါ။ ဖက်ရှင်သမိုင်းကြောင်းတလျှောက်လုံး မှေးမှိန်မသွားတဲ့ ဝတ်စားဆင်ယင်မှုပုံစံကိုပြပါဆိုရင်တော့ Bohemian fashion ကိုပြရမှာပါပဲ။

Bohemian ဖက်ရှင်ဆိုတာက သဘာဝတရားကြီးနဲ့ အနီးစပ်ဆုံး ဝတ်စားဆင်ယင်မှုပုံစံလို့ ပြောလို့ရနိုင်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေမရှိဘဲ သမားရိုးကျမဟုတ်တဲ့ ဝတ်စားဆင်ယင်မှုပုံစံကို ဆိုလိုတာပါ။ Lifestyle ကိုအဓိက ပုံဖော်ထားပြီး လွတ်လွတ်လပ်လွတ်ဝတ်ဆင်တဲ့စတိုင်လ် တစ်နည်းအားဖြင့် ဂျစ်ပစီတွေရဲ့ ဝတ်စားဆင်ယင်မှုပုံစံက Boho fashion ရဲ့ အနီးစပ်ဆုံးပုံစံဖြစ်ပါတယ်။ Romper တွေ၊ ခပ်ပွပွ Peasant dress တွေ၊ ပုခုံးလျှော ဂါဝန်အရှည်တွေ၊ ဂျစ်ပစီစကပ်လို့ခေါ်ကြတဲ့ ချည်သားစကပ်အရှည်တွေ၊ အမွှားအလှတွေပါတဲ့စကပ် စတာတွေကို ခြေညှပ်ဖိနပ် ဒါမှမဟုတ် ကြိုးသိုင်းဖိနပ်တွေနဲ့ တွဲဖက်ဝတ်ဆင်တဲ့ ဖက်ရှင်မျိုးဖြစ်ပါတယ်။ Boho စတိုင်လ်ကို ပိုပြီးပေါ်လွင်စေကတော့ Boho အိတ်, ပန်းပွင့်ခေါင်းပတ်၊ သစ်သားလက်ကောက်၊ ပုတီးစေ့ဆွဲကြိုးတွေနဲ့ တခြားသဘာဝကျောက်တွေနဲ့ အလှဆင်ထားတဲ့ Accessories တွေပါ။

မတူညီတဲ့ Print တွေနဲ့အတူ ကွဲပြားခြားနားတဲ့စတိုင်လ်

မတူကွဲပြား လှပတဲ့ ဆေးရိုက်အဆင်တွေက ၂၀၁၆ Spring-summer season ရဲ့ အမှတ်သင်္ကေတတွေပါ။ ထင်ပေါ်လှပတဲ့ ဖန်စီအရောင်တွေနဲ့အတူ ပန်းပွင့်အဆင်၊ အကွက်အမျိုးမျိုးနဲ့ အစင်းဒီဇိုင်းအမျိုးမျိုးက နွေရာသီရဲ့ မရိုးနိုင်တဲ့ဖက်ရှင်ဖြစ်ပါတယ်။ ဒီလိုအရောင်ထင်းထင်း ဒီဇိုင်းဆန်းဆန်းတွေက သင့်ရဲ့စိတ်ကို ပိုမိုလန်းဆန်းတက်ကြွစေမယ့်အပြင် စတိုင်လ်ကျလှပတဲ့ ဖက်ရှင်ကို ပုံဖော်ပေးနိုင်တယ်ဆိုတာလဲ ငြင်းလို့မရနိုင်ပါဘူး။ ဒါကြောင့် ဈေးဝယ်ထွက်တဲ့အခါ ရောင်စုံဂါဝန်လေးတွေ၊ Printed accessories လေးတွေ တွေ့ရင်တော့ လက်လွတ်မခံဘဲ ဝယ်လိုက်တော့နော်။

အပေါ်မှာပြောခဲ့တဲ့ အကြောင်းအရာတွေက Summer fashion tips ဆိုပေမယ့် ရာသီမရွေး ဝတ်ဆင်နိုင်တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ဒါကြောင့် ဈေးဝယ်ထွက်ရင်းပဲဖြစ်ဖြစ်၊ လမ်းကြုံလို့ပဲဖြစ်ဖြစ် ဒီလိုဒီဇိုင်းတွေကို တွေ့မိရင်တော့ ဝယ်ထားသင့်ပါတယ်။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *