Shop Fashion Week 2016 ဖက်ရှင်ရှိုးဒိုင်ယာရီ 0 300

Shop.com.mm မှ Shop Fashion Week 2016 ဖက်ရှင်ရှိုးပွဲကို Yangon Gallery တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကျွန်မ ဖက်ရှင်ရှိုးပွဲနေ့မတိုင်ခင်မှာ ပွဲတက်ဖို့ဖိတ်စာရခဲ့တဲ့အတွက် အဲ့ဒီနေ့မှာ ပွဲကို ခပ်စောစောရောက်သွားခဲ့ပါတယ်။ အရင်ဦးဆုံး ဖက်ရှင်ရှိုးပွဲရဲ့ အနောက်ဖက်အပြင်အဆင်ပိုင်းကနေ စပြောပါမယ်။ ပွဲမတိုင်ခင်မှာ ဖွင့်ထားတဲ့ Music က အရမ်းကိုမြူးကြွနေပြီး ခန်းမတစ်ခုလုံး သက်ဝင်လှုပ်ရှားနေပါတယ်။ ဒီဇိုင်နာတွေရဲ့ လက်ရာဒီဇိုင်း အဝတ်အစားတွေကို ချိတ်ထားတာတွေ့မြင်ရပြီး မိတ်ကပ်စပွန်ဆာဖြစ်တဲ့ Maybelline ရဲ့ မှန်တင်ခုံတွေမှာ မော်ဒယ်တွေကို မိတ်ကပ်ပြင်ပေးနေတာ တွေ့မြင်ခဲ့ရပါတယ်။ ကျွန်မက မိတ်ကပ်ဝါသနာရှင်တစ်ယောက်ဖြစ်တာကြောင့် ဒီလိုမျိုး ဖက်ရှင်ရှိုးပွဲမှာ မိတ်ကပ်ပညာရှင်တွေရဲ့ လက်ရာတွေကို လေ့လာခွင့်ရခဲ့တာ အရမ်းကို အကျိုးရှိပါတယ်။

ထူးထူးခြားခြားသတိထားမိတာက မော်ဒယ်တွေရဲ့ မျက်နှာပေါ်မှာ အသုံးပြုထားတဲ့ မိတ်ကပ်ပါ။ သဘာဝအတိုင်း ဝင်းပနေတဲ့ မိတ်ကပ်သားက မြင်တာနဲ့ကို သတိထားမိစေပါတယ်။ မိတ်ကပ်လိမ်းခြယ်မှုနဲ့ပတ်သက်ပြီး မိတ်ကပ်ပညာရှင် ကိုရဲရဲကို မေးမြန်းကြည့်တဲ့အခါမှာတော့ Giorgio Armani နဲ့ Tom Ford အမှတ်တံဆိပ်ကို သူအမြဲအသုံးပြုလေ့ရှိပါတယ်တဲ့…တကယ်လို့ မော်ဒယ်ရဲ့ အသားအရေကောင်းမယ်ဆိုရင် ဒီအမှတ်တံဆိပ်နှစ်မျိုးရဲ့ မိတ်ကပ်ရည်သုံးပေးရုံနဲ့ Setting powder တောင် ထည့်ပေးစရာမလိုပါဘူးလို့ ရှင်းပြခဲ့ပါတယ်။

မိတ်ကပ်သားတက်လာတဲ့အချိန်မှာ လိုချိန်တဲ့ပုံစံအတိုင်း ကွက်တိလှနေစေဖို့အတွက် ခုလိုမျိုးခပ်စောစောပြင်ပေးဖို့လိုပါတယ်။ ပွဲနီးတဲ့အချိန်မှ ကပ်ပြင်မယ်ဆိုရင် မိတ်ကပ်သားက အရမ်းထူပြီး ကြည့်ရဆိုးစေပါတယ်လို့ မိတ်ကပ်ရဲရဲက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင်ပျိုမေတို့အတွက် Beauty tip လေးတစ်ခု ပြောပြခဲ့ပါသေးတယ်။ မိန်းကလေးတစ်ယောက်က နှုတ်ခမ်းနီနဲ့ Pressed powder ကို ဘယ်သွားသွား ဆောင်သွားသင့်ပါတယ်တဲ့…နေ့ခင်းဘက်အပြင်ထွက်ထွက် ညပွဲတွေတက်တက် အိမ်ကနေမိတ်ကပ်ပြင်လာပြီး မိတ်ကပ်ပျက်သွားတာတို့ ကွက်သွားတာတို့ ဖြစ်တဲ့အခါ လွယ်လွယ်ကူကူပြန်ပြင်နိုင်တဲ့အတွက် ဖြစ်ပါတယ်။

မိတ်ကပ်ရဲရဲ ရဲ့ပြင်ဆင်ခြယ်သမှုကတော့ အံ့မခန်းပါပဲ…ကြည့်နေရင်း တခဏအတွင်းမှာ ပြီးပြည့်စုံတဲ့ မိတ်ကပ်ပြင်ခြင်းပြီးဆုံးသွားပြီး မော်ဒယ်ရဲ့ မိတ်ကပ် Look ကို မြင်လိုက်ရတဲ့အခါမှာတော့ စကားပြောနေတာကိုတောင် မေ့သွားရလောက်အောင် အရမ်းကို စွဲဆောင်မှုရှိပြီး သပ်ရပ်ကြည့်ကောင်းနေတာတွေ့ရပါတယ်။ အောက်ကပုံလေးကတော့ မိတ်ကပ်ရဲရဲနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တာပါ 🙂

ဖက်ရှင်ရှိုးပွဲရဲ့ လျှောက်လမ်းပုံစံက U ပုံစံဖြစ်ပြီး Bruno Mars ရဲ့ Uptown Funk သီချင်းကို နောက်ခံဖွင့်ထားပါတယ်။ မြူးကြွတဲ့ သံစဉ်တွေနဲ့အတူ မီးရောင်တဖြတ်ဖြတ်ကြားက မော်ဒယ်တွေရဲ့ ပုံရိပ်တွေက ပရိတ်သတ်တွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

မော်ဒယ်မေမြတ်နိုးက သူ့ရဲ့အမိုက်စားဖက်ရှင်နဲ့ လိုက်ဖက်အောင် ဆံထုံးထားပြီး အရမ်းကို ကြည့်ကောင်းနေတာ တွေ့ရမှာပါ။

အားလုံးထဲမှာမှ ကျွန်မအကြိုက်ဆုံးဒီဇိုင်းကတော့ မော်ဒယ် Mဆိုင်းလုရဲ့ နောက်ပြန်ဖြီးထားတဲ့ “slicked back” ဆံပင်ပုံစံနဲ့ အနောက်တိုင်းဆန်တဲ့ ခပ်မိုက်မိုက်ဖက်ရှင်ပဲ ဖြစ်ပါတယ်။

ဒီပွဲမှာ ကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ Springfield, Timberland နဲ့ John Henry အမှတ်တံဆိပ်တွေအပြင် နာမည်ကျော် ပြည်တွင်းဒီဇိုင်နာတွေဖြစ်တဲ့ မိုးကုတ်ပေါက်ပေါက်၊ စတီဗင်ဦးနဲ့ မင်းခန့်တို့ရဲ့ လက်ရာတွေကိုပါ ပြသခဲ့ပါတယ်။ အားလုံးထဲမှာမှ ကျွန်မအကြိုက်ဆုံးဒီဇိုင်းကတော့ နက်ပြာရောင်ဂါဝန်တိုလေးကို အရှေ့ဘက်မှာ လေးထောင့်ကွက်ပုံစံ ညှပ်ထားတဲ့ အန်တီပေါက်ရဲ့ လက်ရာ ဂါဝန်လေးပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မော်ဒယ် Ariel Thuta ရဲ့ အလန်းစားဖက်ရှင်ကိုလဲ အောက်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။

တောက်ပတဲ့ မီးရောင်စုံတွေကြားမှာ ကာလာစုံဖက်ရှင်တွေကြားနဲ့ အမှတ်ရစရာ ဖက်ရှင်ပွဲလေးကတော့ တခဏအတွင်းမှာ ပြီးဆုံးသွားခဲ့ပါတယ်။

နောက်မှပြန်ဆုံကြတာပေါ့နော်…

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *